အမေ မှတ်သာထား၊
အမျိုးနဲ့ရပ်ကွက်ကို
ပတ်သာကြွား
ကျနော် ဒီနေ့ပဲ
ဖောရိန်းသွားပြီ
ဖလိုက်အသစ်ကြီးနဲ့ဗျား………ဆိုသလိုပါပဲ။
ဂျပန်သွားမလို့ဟေ့…လို့ ရပ်ရွာထဲမှာ ဆွေမျိုးအလယ်မှာ ပြောရတာ သိပ်အရသာရှိမှာပါ။ လေယာဉ်ပေါ်ကနေ
ရွှေတိဂုံဘုရားကြီးကို လှမ်းဖူးရတော့လည်း ဝမ်းနည်းသလိုလိုတော့ဖြစ်မိသားပေါ့။ မကြာပါဘူး
တိမ်တိုက်တွေကြားမှာ ဝမ်းနည်းမှုတွေလည်း အငွေ့ပျံ့သွားတတ်ကြပါတယ်။
တချို့Agencyတွေကျတော့လည်း
ဗန်ကောက်အထိလိုက်ပို့ပေးပြီး ဂျပန်ထွက်မယ့် လေယာဉ်ပေါ်အထိ တင်ပေးလိုက်တာမျိုးတွေရှိသလို၊
တချို့ကျတော့လည်း ရန်ကုန်လေဆိပ်ကတည်းက တယောက်တည်း လွှတ်ပေးလိုက်တာမျိုးတွေလည်းရှိပါတယ်။
တချို့များကျတော့လည်း ဂျပန်အထိ အဖွဲ့လိုက် တပါတည်းခေါ်သွားတာမျိုးလည်းရှိပါတယ်။ အများအားဖြင့်တော့
ဂျပန်ရောက်တဲ့အထိ တပါတည်းခေါ်သွားတာများပါတယ်။ Agency တွေအနေနဲ့လည်း စိတ်ပူရတယ်လေ။
ကိုယ့်ကိုစိတ်ပူတယ်ဆိုတာ
မေတ္တာကြီးမားလွန်းလို့ လို့တော့ မထင်လိုက်ပါနဲ့။ တချို့က လေဆိပ်က ထွက်တာနဲ့ စူဠလိပ်ရေထဲလွှတ်သလို
အစအနကို ရှာမရအောင် ခြေရာဖျောက်သွားတတ်ကြလို့ပါ။တချို့ကျတော့လည်း ရိုးရိုးသားသားနဲ့
Agency ပေးတဲ့ နေရာမှာနေတယ်။ Agencyကပေးတဲ့ အလုပ်ကို လုပ်တယ်။ ဒါပေမယ့် အဲဒီလို ရိုးသားပြန်တော့လည်း
ကိုယ်ကုန်ခဲ့ရတဲ့ သိန်း(၁၀၀)က တော်တော်နဲ့ကို မကျေနိုင်ဘူး။
မြန်မာပြည်မှာ
ရှိတုန်းကတော့ Agencyက တွက်ပြတာ...
တွက်ရေးက စက်သူဌေး ဆိုသလို ဟုတ်နေတာပဲပေါ့။ မနက်(၈)နာရီ
(သို့) ၉နာရီ လောက်က အလုပ်စဝင်၊ ညနေ ၅နာရီ ၆နာရီ လောက်အလုပ်ဆင်း၊ တနင်္လာကနေ သောကြာနေ့အထိပုံမှန်နဲ့
စနေနေ့ နေ့တဝက် (ဒါမှမဟုတ်) စနေဆင်းရင် တနာရီ ယန်း၅၀ လောက်အပိုရမယ်၊ နေဖို့ပေးထားတယ်။
စားစရိတ်လည်း အပြီးအစီး၊ ဒီ့အပြင်ကို တလကို ယန်း ၅သောင်း၊ ၆သောင်း လောက် လုပ်အားခ ပုတ်ပြတ်ပေးတယ်ဆိုတော့
အရင်းကျေဖို့ကို ၂နှစ်လောက် လုပ်လိုက်၊ (၂)နှစ်ကျော်လောက်ကစပြီး ဂျပန်မှာလည်း တရားဝင်နေနေရမယ်၊
ရသမျှလည်း အမြတ်ပဲလို့ တွက်ပြတတ်ပါတယ်။
အဲလိုတွက်ပြတာ
တကယ်ပဲ မဟုတ်ဘူးလား၊ တကယ်ပဲ မပေးဘူးလား ဆိုတော့ ဟုတ်တာလည်းရှိပါတယ်။ မဟုတ်တာလည်းရှိပါတယ်။
ပေးတာလည်းရှိပါတယ်၊ မပေးတာလည်း ရှိပါတယ်။ ဒါကြောင့် ပြေးတာတွေလည်း ရှိနေတယ်။ မပြေးတာတွေလည်း
ရှိနေပါတယ်။
Agency ကပြောတဲ့
အလုပ်ဆိုတာကို အရင်ဆုံး စဉ်းစားကြည့်ရအောင်။ အကယ်၍ သင်သာ မြန်မာပြည်မှာ အလုပ်ရှင်တယောက်ဖြစ်ခဲ့မယ်ဆိုရင်
ဗမာစကားကို (၃)နှစ်သားအရွယ် ကလေးတယောက်လောက်ပဲ နားလည်တဲ့၊ ဗမာစာကို လေးတန်းလောက်တောင်
မတတ်တဲ့ ၊ ဗမာလူမျိုးတွေရဲ့ ဓလေ့စရိုက်၊ရိုးရာယဉ်ကျေးမှု (ခေတ်စကားနဲ့ပြောရရင်) အထာပေါ့နော်…စတာတွေကိုလည်း
သိမထားသေးတဲ့ အလုပ်သမားတယောက်ကို သင့်အလုပ်ရဲ့ ဘယ်နေရာမှာ ထားမလဲ။ ဘယ်နေရာမှာ ထားလို့ရမလဲ။
အဲဒီလို အရည်အချင်းလူမျိုးကို
စာရေးနေရာ ထားလို့ရမလား၊ အင်္ဂလိပ် version နဲ့ ကွန်ပြူတာကို ဘယ်လောက်ကျွမ်းကျွမ်း ဂျပန်စာမဖတ်တတ်တဲ့လူကို
ဂျပန်ကွန်ပြူတာပေးကိုင်မလား၊(မှတ်ချက်..ဂျပန်လူမျိုးအများစုက အင်္ဂလိပ်စာ အရမ်းအားနည်းပါတယ်)၊စက်ရုံက
စာရင်းအင်း တွက်ချက်တဲ့နေရာမှာ ထားလို့ရမလား၊ ယုတ်စွအဆုံး ပါကင်ထုတ်တွေကို တံဆိပ်ကပ်တဲ့နေရာမှာတောင်
တယောက်တည်း လွှတ်ထားလို့ ရပါမလား၊
ဒီတော့ စက်ရုံအလုပ်ရုံတွေမှာဆိုရင်
အဲလို လူမျိုးအတွက် အဆင်ပြေတဲ့နေရာတွေဖြစ်တဲ့ စကားပြောစရာမလိုတဲ့၊ စာဖတ်တတ်စရာမလိုတဲ့
ကုန်ပစ္စည်းတွေ သယ်ပိုးရတဲ့အလုပ်၊ ကုန်ပစ္စည်းတွေကို ဆေးကြောသန့်စင်ရတဲ့အလုပ် အစရှိတဲ့
အလုပ်ကြမ်းတွေပဲ ပေးရတော့မှာပေါ့။ ။
ဂျပန်မှာလည်း
မြန်မာပြည်က စက်မှုဇုံတွေက စက်ရုံတွေမှာလို အလုပ်လုပ်ကြရတယ် ဆိုပေမယ့် မတူပါဘူး။ လုံးဝကို
မတူပါဘူး။
ဘာတွေမတူဘူးလဲဆိုတော့
(၁) ပတ်ဝန်းကျင်က
လူတွေအနေအထား
(၂) ဂျပန်လူမျိုးတွေ
အလုပ်လုပ်ပုံနဲ့ မြန်မာတွေ အလုပ်လုပ်ပုံ
(၃) အလုပ်ခွင်ပြင်ပ
အခြေအနေ
(၄) ရာသီဥတု
စတာတွေက မြန်မာပြည်နဲ့ လုံးဝမတူပါဘူး။ တနည်းပြောရရင် မြန်မာပြည်မှာ လုပ်ရသလို သက်တောင့်သက်သာ
မရှိဘူး။ ဘယ်လို မတူတာလဲ….
(၁) ပတ်ဝန်းကျင်က
လူတွေအနေအထား
မြန်မာပြည်မှာလည်း
ပျှမ်းမျှအလုပ်ချိန် တနေ့ကို ၈နာရီကနေ ၉နာရီလောက်ရှိတယ်ဆိုပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ
အလုပ်လုပ်နေတဲ့သူတွေ အားလုံးနီးပါးက မြန်မာတွေချည်းပဲ။ မြန်မာစကားပြောလို့ရတယ်။ မြန်မာလိုပြောရင်
နားလည်တယ်။ အဲဒီလို မြန်မာစကားပြောလို့ရခြင်း၊ ကိုယ်က မြန်မာလို ပြောလိုက်လို့ တဖက်သားက
နားလည်ြပြီး မြန်မာလိုတုန့်ပြန်ခြင်း တန်ဖိုးကို မြန်မာစကားကို လုံးဝသုံးလို့မရတော့တဲ့
နေရာတွေရောက်မှ သိရပါလိမ့်မယ်။ အခုပြောနေရင်တောင် သိပ်ပြီး ခံစားတတ်မယ်မထင်ပါဘူး။
ဂျပန်မှာ
မနက်မိုးလင်းလို့ အဲဒီလို စက်ရုံထဲ ဝင်လိုက်တဲ့ မြန်မာနိုင်ငံသားတယောက်ဟာ စက်ရုံထဲဝင်လိုက်တာနဲ့
ကိုယ့်ပါးစပ်ကြီးက အလိုလို ပိတ်ပြီးသားဖြစ်သွားပါတယ်။ စက်ရုံထဲရောက်တာနဲ့ မြန်မာပြည်မှာကတည်းက
နှုတ်တိုက်ကျက်လာရတဲ့ (အိုဟိုင်းရိုး)သို့ (အိုဟိုင်းရိုး ဂိုဇိုင်းအိမတ်စ်) ဆိုတဲ့၊
မြန်မာလို မင်္ဂလာနံနက်ခင်းပါ လို့ အဓိပ္ပာယ်ရတဲ့ ဂျပန်စကားနဲ့ စတင် နှုတ်ဆက်ရပါမယ်။ စိတ်ပါသည်ဖြစ်စေ၊
စိတ်မပါသည်ဖြစ်စေ မပျက်မကွက်ကို (၉၉ရာခိုင်နှုန်း) နှုတ်ဆက်ရပါလိမ့်မယ်။ မြန်မာပြည်က
စက်ရုံမှာလို ဒီနေ့တော့ ခေါင်းကိုက်နေလို့၊ ဘယ်သူနဲ့မှ သိပ်စကားပြောချင်စိတ်မရှိလို့
နှုတ်မဆက်ဘဲ နေခွင့်မရှိဘူး။
“အဲလို နှုတ်မဆက်ရင်
လစာဖြတ်မှာမို့လို့လား” “ အလုပ်ထုတ်မှာ မို့လို့လား” လို့ မေးစရာရှိပါတယ်။ လစာလည်း
မဖြတ်ပါဘူး။ အလုပ်လည်း မထုတ်ပါဘူး။ ဒါပေမယ့် သင့်ကို အင်မတန် ရိုင်းစိုင်းသော သတ္တဝါတစ်ကောင်ကို
ကြည့်သလိုကြည့်ကြလိမ့်မယ်။ သင့်ကို ဘာစကားမှလည်း အဖက်လုပ်ပြောမှာ မဟုတ်တော့သလို အားလုံးရဲ့
ဝိုင်းကျဉ်ခြင်းကိုလည်း ခံရလိမ့်မယ်။ ဒီ့ထက်ဆိုးရွားတဲ့ အနေအထားကတော့ အလုပ်ခွင်ထဲကနေ
(ဂွင်ထဲကနေပေါ့နော်) အနိုင်ကျင့်ကြလိမ့်မယ်။ မလွှဲသာလို့ အလုပ်စကားပြောရရင်တောင် သင့်ကို
ရွံကြောက်ကြီးတယောက်လို သဘောထားပြီး စကားပြောပါလိမ့်မယ်။
အဲလိုဒဏ်တွေကို
နှစ်ရှည်လများ ဘယ်နိုင်ငံခြားသားကမှ မခံနိုင်ပါဘူး။ ဒါကြောင့် သူတို့က “ဟိုင်း” ဆိုရင်
ကိုယ်ကလည်း “ဟိုင်း” ရပါတယ်။ သူတို့က ခန္ဓာကိုယ်ကို “ကိုင်း” ရင် ကိုယ်ကလည်းလိုက် “ကိုင်း”
ရပါတယ်။ သူတို့နဲ့ လုံးချင်ရင် ပြုံးတတ်ဖို့ကို အရင်သင်ခဲ့ပါလို့ ပြောချင်ပါတယ်။
ဒါမှလည်း
ထမင်းစားချိန်၊ နားချိန်တွေမှာ ကိုယ်တယောက်တည်း အထီးကျန်မဖြစ်တော့ခြင်း၊ ကိုယ်ပြောတဲ့
Broken Japanese တွေကို စိတ်ရှည်စွာ နားထောင်ပေးခြင်း၊ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေကို
သူတို့ တတ်နိုင်သလောက် ကူညီပေးခြင်း၊ အလုပ်ခွင်ထဲမှာ လူသားနဲနဲဆန်လာခြင်း၊ ကိုယ်က ဂျပန်စာ၊
စကား စိတ်ဝင်စားရင် သူတို့က ကူညီ၍ သင်ပေးခြင်း၊ အလုပ်ခွင်သုံး ဂျပန်စကားတွေနဲ့ အလုပ်မှာ
သက်သာစေမယ့် အထာတွေကို ဖွင့်ဟပြောကြားခြင်း၊ အလုပ်ခွင် ပြင်ပမှာလည်း ရင်းရင်းနှီးနှီး
ဆက်ဆံလာခြင်းစတဲ့ အကျိုးတွေရလာမှာဖြစ်ပါတယ်။
ဒါကတော့ ဂျပန်မှာရှိတဲ့
ဘယ်လုပ်ငန်းခွင်မှာမဆို ဂျပန်လူမျိုးတွေနဲ့ သဟဇာတ ဖြစ်ချင်ရင် ကျင့်ကြံနေရတဲ့ ဂျပန်ရောက်
နိုင်ငံခြားသားအားလုံးရဲ့ အလုပ်ခွင်က ပတ်ဝန်းကျင်ဆက်ဆံရေး အနေအထားကို လုံးဝအကြမ်းဖျဉ်းပြောပြတာပါ။
အသေးစိတ် ပြောရရင် သြချစရာတွေ ချည်းပါပဲ။ ကိုယ်လုပ်ရမယ့် အလုပ်အကြောင်းမလာသေးဘူးနော်။
ဆက်ရေးပါဦးမယ်
နန္ဒာ(ဂျပန်)
0 comments:
Post a Comment